မာတိကာ

၁။        ကွန်ကရစ်၏ ဂုဏ်သတ္တိများ

၂။         ဘိလပ်မြေ၏ ဂုဏ်သတ္တိများ

၃။        ကွန်ကရစ် စွမ်းအားမြှင့်ဆေးရည် (ရောစပ်ပစ္စည်း) ဆိုသည်မှာဘာလဲ

၄။        စွမ်းအားမြင့် ကွန်ကရစ် ထုတ်လုပ်ခြင်းနှင့် အသုံးချခြင်း

၅။        ဈေးကွက်အတွင်းရှိ ကွန်ကရစ်စွမ်းအားမြှင့်ဆေးရည် (ရောစပ်ပစ္စည်း) တစ်ခု၏ လက်တွေ့ အသုံးချခြင်း

နောက်ဆက်တွဲ

  • Projects (Concrete Repair Works)
  • Residential Building Repair Work
  • Economical Application of Concrete Admixtures

၁။ ကွန်ကရစ်၏ ဂုဏ်သတ္တိများ

            ကွန်ကရစ်ကို မည်သူမဆို အလွယ်တကူ ဖျော်စပ်၍ ရပါသည်။ ဘိလပ်မြေ၊ သဲ၊ ကျောက်နှင့် တို့ ရောစပ်လျှင် ကွန်ကရစ်ရပါသည်။ သို့ရာတွင် ကောင်းမွန်သော အရည်အသွေးပြည့်မီသည့် ကွန်ကရစ် ရရန်အတွက်မူ တိကျသေချာသည့် နည်းစနစ်ဖြင့် ဖျော်စပ်ရမည် ဖြစ်သည်။

            သာမန်ကွန်ကရစ်တွင် ရေ နှင့် ဘိလပ်မြေအချိုး (၀.၅ : ၁.၀) ဆိုလျှင် ရပြီဖြစ်သည်။ အများအခေါ် W/C Ratio (0.5) ဆိုလျှင် သိပြီ ဖြစ်သည်။ ဤနေရာတွင် အထူးသတိပြုရမည့်အချက်မှာ ကွန်ကရစ်ဖြစ်ရန် ရေနှင့် ဘိလပ်မြေ ဓါတ်ပြုရမည့်အချိုးမှာ W/C Ratio (၀.၂၄) သာ လိုအပ်သည်။ အထက်တွင် ဖော်ြပခဲ့သည် W/C Ratio (၀.၅)ဖြင့်သာ ဖျော်စပ်အသုံးပြုနေရခြင်းမှာ ကွန်ကရစ်ကို လုပ်ကိုင်နိုင်စွမ်း (Workability) ရရှိစေရန်ဖြစ်သည်။ ဤသို့အသုံးပြု ခဲ့ပါက ပိုနေသောရေ (၀.၂၆) ပမာဏသည် ကွန်ကရစ်ခြောက်သွားသည့်အခါ အပေါက်ကလေးများ အဖြစ် ကျန်ရှိခဲ့မည်ဖြစ်သည်။ အချို့ပန်းရံများသည် W/C Ratio (၀.၅) ထက်ပို၍ ရောစပ်ကာ အသုံးပြုနေကြသည်များ လည်းရှိသည်။ အပေါက်များများကျန်လေ ကွန်ကရစ်ပွလေ၊ အရည်အသွေး ညံ့လေ ဖြစ်သည်။ ကွန်ကရစ် စွမ်းအားမြှင့်ဆေးရည် (ရောစပ်ပစ္စည်း)ကို အသုံးချခြင်းအားဖြင့် ထိုပိုနေသော ရေကြောင့် ဖြစ်ပေါ်လာသော အပေါက်ကလေးများကို ရှောင်ရှားနိုင်မည် ဖြစ်သည်။ ဖျော်စပ်မည့် ရေပမာဏကို လျော့ချပြီး (Water Reduction) လုပ်ကိုင်နိုင်စွမ်းရည် (Workability) ကို တက်စေမည်ဖြစ်သည်။ ကွန်ကရစ်၏ သိပ်သည်းဆ တက်လာပြီး အရည်အသွေးလည်း ကောင်းမွန်လာမည်ဖြစ်သည်။ ကောင်းမွန်သော ကွန်ကရစ်သည် ရေစိမ့်ယိုခြင်းနှင့် အက်ကွဲကြောင်းများ ဖြစ်ခြင်းကို ကာကွယ်ပြီး ကွန်ကရစ်စွမ်းအား (Strength) ကို တက်စေမည်။ ပူးတွဲပါပုံတွင် ပြထားသည့်အတိုင်း –

(၁) ကွန်ကရစ်ရောစပ်ရာတွင် ပိုနေသောရေကြောင့်ဖြစ်ပေါ်သော အပေါက်ကလေးများကို တွေ့နိုင်မည်ဖြစ်သည်။

(၂) သာမန်ကွန်ကရစ်တွင် ပါဝင်သော ရောစပ်ပစ္စည်းများသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်တွယ်ကပ်လိုသည့် သဘော တရားကို တွေ့မြင်နိုင်သည်။

(၃) ကွန်ကရစ်စွမ်းအားမြှင့်ဆေးရည် (ရောစပ်ပစ္စည်း) ကို အသုံးချလိုက်ခြင်းဖြင့် ဖျော်ပြီးကာစ ကွန်ကရစ်တွင် ပါဝင်သော ရောစပ်ပစ္စည်းများသည် တစ်ခုနှင့်တစ်ခု ယာယီအားဖြင့် တွန်းကန်နေခြင်း (တနည်း) တွဲကပ်မှုမရှိ၍ လုပ်ကိုင်နိုင်စွမ်းရည် (Workability) ကောင်းမွန်နေသည်ကို တွေ့မြင်နိုင်သည်။

၂။ ဘိလပ်မြေ၏ ဂုဏ်သတ္တိများ

            ကွန်ကရစ်နည်းပညာ စာအုပ်ကို ရေးသားခဲ့သည့် ဆရာကြီး A.M. NEVILLE & J.J. BROOKS တို့၏ အာဘော် ကို ကိုးကားဖော်ပြရလျှင် ဘိလပ်မြေထုတ်လုပ်ရန်အတွက် ထုံးကျောက် (Lime Stone)၊ ရွှံ့ကျောက် (Shale) နှစ်ခုတို့ကို အခြောက်စပ်ခြင်း (Dry Process) သို့မဟုတ် အစိုစပ်ခြင်း (Wet Process) ဖြင့် ရောစပ်ကာ လည်ပတ်နေသော မီးဖိုထဲတွင် အပူချိန် (1400 Celsius / 2500 Fahrenheit) ဖြင့် ဖုတ်လိုက်ပါက ချော်တုန်းကလေး များ (Clinker) ထွက်လာမည်၊ ထိုချော်တုံးကလေး များကို အမှုန့်ကြိတ်ပြီး၊ ကျောက်ဂွမ်း (Gypsum) ကိုလည်း အမှုန့်ကြိတ် ရောစပ်ကာ ထုတ်ပိုး ပို့ဆောင် သိုလှောင်လျှင် ဘိလပ်မြေ ရရှိပြီဖြစ်သည်။ အထက်ပါ ချော်တုံးကလေး များကိုချည်း အမှုန့်ကြိတ် အသုံးချပါက ရေဖြင့် ရောစပ်စပ်ခြင်း လျှင်မြန်စွာ ခဲသွားသောကြောင့် အခဲနှေးစေမည့် ကျောက်ဂွမ်း (Gypsum) ကို ရောစပ်အသုံးပြုရခြင်း ဖြစ်သည်။ ဤနေရာတွင် ကျောက်ဂွမ်းသည် မူလပထမ ရောစပ်ပစ္စည်း (Admixture) ပင်ဖြစ်သည်။ ထိုကဲ့သို့ ရလာသည့် ဘိလပ်မြေကို LEEDS BUILDER ကုမ္ပဏီမှ Joseph Aspdin ဆိုသူက ၁၈၂၄ ခုနှစ်တွင် Normal Portland Cement ဟု မှတ်ပုံတင်ခဲ့သည်။ ယခုခေတ်တွင် American Society of Testing Materials (ASTM C–150) သို့မဟုတ် British Standards (BS 12) အဖြစ် လူသိများသည်။  

၃။ ကွန်ကရစ် စွမ်းအားမြှင့်ဆေးရည် (ရောစပ်ပစ္စည်း) ဆိုသည်မှာ ဘာလဲ

            ကွန်ကရစ်စွမ်းအားမြှင်ဆေးရည် (Admixture) ကို ကွန်ကရစ်ဖျော်ရာတွင် ထည့်သွင်းအသုံးပြုခြင်းဖြင့် –

(၁) လုပ်ကိုင်နိုင်စွမ်းရည် (workability) ကောင်းစေသည်။

(၂) ကွန်ကရစ်၏ ခံနိုင်ရည်စွမ်းအား (Strength) ကို ကောင်းစေသည်။

(၃) ကွန်ကရစ်၏ အိပ်ခြင်း (Setting Time) ကို နှေးစေနိုင်သည်၊ (သို့မဟုတ်) မြန်စေနိုင်သည်။

(၄) ကွန်ကရစ် ကျုံ့ခြင်း၊ ပွခြင်းကြောင့် ဖြစ်ပေါ်လာသော အက်ကွဲကြောင်းများကို ကာကွယ်သည်။

(၅) ခဲမာသွားပြီးဖြစ်သော ကွန်ကရစ်၏ ရေစိမ့်ဝင်နိုင်စွမ်းကိုလည်း ကာကွယ်သည်။

(၆) ကွန်ကရစ်ခဲမာသွားချိန်တွင် ကောင်းမွန်သော ကွန်ကရစ်မျက်နှာပြင်ကို ဖြစ်ပေါ်စေသည်။

(၇) ကွန်ကရစ် စွမ်းအားတစ်ခု (ဥပမာ – fc’=3000 psi) ရရှိအောင် သတ်မှတ်ဖျော်စပ်ရာတွင် ရောစပ်ပစ္စည်း (Admixture) ပါဝင်သော ကွန်ကရစ်က မပါသော ကွန်ကရစ်ထက် ဘိလပ်မြေ ပမာဏ လျော့ချနိုင်သည်။

(၈) ကျောက်များတွင် တွယ်ကပ်နေသည့် အမှုန်များကို ဖယ်ခွါစေနိုင်သည်။

(၉) ကွန်ကရစ် အက်ကြောင်းများနှင့် ပျက်စီးနေသော နေရာများကို ပြုပြင်နိုင်သည်။

ကွန်ကရစ်စွမ်းအားမြှင့်ဆေးရည် (Admixture) တွင် အခြေခံအားဖြင့် သုံးမျိုးရှိသည်။ ယင်းတို့မှာ –

၁ – ကွန်ကရစ် အခဲမြန်ပစ္စည်း (Superplasticizer)

အလုပ်လုပ်ကိုင်နိုင်ရန် ရောစပ်သော ရေပါဝင်မှု ပမာဏကို ၃၀% အထိ လျော့ချနိုင်သည့်၊ ကွန်ကရစ်၏ Setting Time ကို မြန်စေပြီး စွမ်းအားကိုလည်း တတ်စေသည့် ရောစပ်ပစ္စည်း (Admixture)၊  ASTM C 494 Type F အဖြစ် သတ်မှတ်သည်။

၂ – ကွန်ကရစ် အခဲနှေးပစ္စည်း (Retarder)

ကွန်ကရစ်အိပ်ချိန် Setting Time ကို ကြာစေပြီး စွမ်းအားကို အသင့်အတင့် တိုးတက်စေသော ရောစပ်ပစ္စည်း (Admixtures)၊ ASTM C494 Type B&D အဖြစ် သတ်မှတ်သည်။

၃ – စွမ်းအားမြင့် ကွန်ကရစ် ရရှိစေရန် အသုံးပြုသော ရောစပ်ပစ္စည်း (Superplasticizing Retarder)

၎င်းကို Superplasticizing Retarder ဟုခေါ်သည်။ ၎င်းသည် ကွန်ကရစ်အိပ်ချိန် (Setting Time) ကို ကြာရှည်စေသည့်အတွက် လုပ်ကိုင်နိုင်စွမ်းရည် (Workability) ကို ကောင်းစေပြီး ကွန်ကရစ်စွမ်းရည်ကိုပါ တပြိုင်နက် တက်စေသော ရောစပ်ပစ္စည်း ဖြစ်သည်။ ASTM C494 Type G အဖြစ် သတ်မှတ်သည်။

အဆောက်အဦလုပ်ငန်းများတွင် အသုံးပြုသော ကွန်ကရစ်အဆင့်အတန်း များစွာရှိသည်။ အကြမ်းအား ဖြင့် ပုံမှန် ကွန်ကရစ်ကို (3000psi, Grade 20 / 20MPa)၊ ကောင်းမွန်သော ကွန်ကရစ်ကို (4500psi, Grade 30 / 30MPa) နှင့် စွမ်းအားမြင့် ကွန်ကရစ်ကို (6000psi, Grade 40 / 40MPa နှင့် အထက်) ဟု သတ်မှတ်လေ့ ရှိပါသည်။ ပူးတွဲပါ ပုံများတွင် စွမ်းအားမြင့် (HIGH STRENGTH) ကွန်ကရစ် လုပ်ငန်းများ၊ ကြိုတင်အားဖြည့် သံကူကွန်ကရစ် (Prestressed) များ သွန်းလောင်းပုံကို တွေ့မြင်နိုင်သည်။ သတိပြုရန်မှာ ရေပါဝင်မှု ပမာဏကို လျော့ချထားသည့် အတွက် ကွန်ကရစ် Slump သည် (၄) လက်မ (100mm ) အောက်တွင် ရှိမည်ဖြစ်ပြီး Conveyor များ၊ Formwork Vibrator များ၊ Pneumatic  Vibrator များ အသုံးပြု၍ လောင်းနေပုံကို တွေ့မြင်နိုင်သည်။ စွမ်းအားမြင့် ကွန်ကရစ်ကို ဖျော်စပ်ရာတွင် ဥပမာ- ဒုံသမိတံတား တည်ဆောက်ရေး စီမံကိန်း၌ ဇင်းကျိုက်ကျောက်၊ ပျဥ်ပုံကြီး သဲများကို အသုံးပြုသည့်အပြင် ရောစပ်ပစ္စည်း (Concrete Admixture) အဖြစ် Superplasticizing Retarder ASTM C494 Type G ကို အသုံးပြုခဲ့သည်။ ထိုစီမံကိန်း၌ အဆင့်မြင့် ကွန်ကရစ်၏ စွမ်းအား (fc’) သည် (၄) ရက်သား ကွန်ကရစ်တွင်ပင် 55MPa (8000 psi) ထိ ရှိသည်။

ပူးတွဲပါပုံများတွင် ပြည်တွင်းတွင် ဖြန့်ချီနေသော ရောစပ်ပစ္စည်း (Concrete Admixture) CC 900S (Superplasticizer), CC 800R (Water Reducing Retarder) နှင့် ၏ CC 700SR (Superplasticizing Retarder) တို့၏ နည်းပညာဆိုင်ရာ အချက်အလက်များကို ဖော်ပြထားသည်။ သတိပြုရန်မှာ ကုန်ပစ္စည်း၏ သက်တမ်း (ဖွင့်ဖေါက်ပြီး ၆-လ အတွင်း အသုံးပြုက အကောင်းဆုံး၊ ၁-နှစ် အထိ အသုံးပြုနိုင်သည်) နှင့် အသုံးပြုရမည့် အချိုးအစား (0.4% to 0.8% of cement weight) စသည်ဖြင့် ရောစပ်ပစ္စည်း (Admixture) အမျိုးအစားအလိုက် ဖော်ပြလေ့ရှိသည်။

၄။ စွမ်းအားမြင့် ကွန်ကရစ် ထုတ်လုပ်ခြင်းနှင့် အသုံးချခြင်း

ပူးတွဲပါ ပုံများတွင် ရောစပ်ပစ္စည်း (Concrete Admixture) အသုံးပြုခြင်းအားဖြင့် ရောစပ်ပစ္စည်း မပါသော သာမန်ကွန်ကရစ် (Without Admixture) ထက် ကွန်ကရစ်စွမ်းအား ပို၍ မြင့်မားပုံကို ကွန်ကရစ်၏ သက်တမ်း (၇ ရက်၊ ၁၄ ရက်၊ ၂၁ ရက်၊ ၂၈ ရက်) စသည့်ဖြင့် ဖော်ပြထားသည်။ သတိပြုရန်မှာ မိမိလုပ်ငန်းနှင့် ကိုက်ညီသော ရောစပ်ပစ္စည်း (Concrete Admixture) ဖြစ်စေရန်အတွက် ကြိုတင်စမ်းသပ်ခြင်း (Trial Mix Design) များ ကြိုတင် ပြုလုပ်သင့်သည်။ စွမ်းအားမြင့် ကွန်ကရစ် ရရှိစေရန်အတွက် Superplasticizing Retarder (CC 700SR) (သို့) Superplasticizer (CC900S) ကဲ့သို့သော ရောစပ်ပစ္စည်း (Concrete Admixture) များကို အသုံးပြုသင့်သည်။ ၎င်းပစ္စည်းသည် ASTM C494 Type G အဆင့်ဝင် မဝင် အသေးစိပ် စမ်းသပ်ချက်များကို ပူးတွဲပါပုံတွင် တွေ့မြင်နိုင်သည်။

သေချာစွာနားလည်၍ လွယ်ကူ စွာအသုံးပြုနိုင်ရန်အတွက် မြန်မာဘာသာဖြင့် ရေးသားထားသော လုပ်ငန်း လမ်းညွှန်များကိုလည်း ပူးတွဲပါ ပုံများတွင် ပြသထားသည်။ မိမိအလိုရှိရာ အရေအတွက် (Quantity) မှာယူ ဝယ်ယူနိုင်ရန် အတွက် ထုတ်ပိုးမှု ပုံစံအမျိုးမျိုး (ပုလင်း၊ ပုံး၊ တိုင်ကီ) တို့ကိုလည်း ပူးတွဲပါပုံများတွင် တွေ့မြင်နိုင်သည်။

၅။ ဈေးကွက်အတွင်းရှိ ကွန်ကရစ်စွမ်းအားမြှင့်ဆေးရည် (ရောစပ်ပစ္စည်း) တစ်ခု၏ လက်တွေ့ အသုံးချခြင်း

            ယနေ့ခေတ်တွင် ရွှံ့မှ ထုတ်သော အုတ်များအစား ကွန်ကရစ်အုတ်များကို တွင်ကျယ်စွာ အသုံးပြုလာကြ ပြီဖြစ်သည်။ ရောစပ်ပစ္စည်း (Concrete Admixture) ကို စွမ်းအားမြင့် ကွန်ကရစ် ဖျော်စပ်ရန် အတွက်သာမက ကွန်ကရစ်အုတ် ထုတ်လုပ်ရန်အတွက်လည်း တွင်ကျယ်စွာ အသုံးပြုလာသည်။

ပူးတွဲပါပုံတွင် အခဲနှေး (CC800R) နှင့် အခဲမြန် (CC900S) ကွန်ကရစ်စွမ်းအားမြင့်ဆေးရည် လက်တွေ့ အသုံးချ၍ ကွန်ကရစ်အုတ် ထုတ်လုပ်ပုံကို အသေးစိတ် ဖော်ပြထားသည်။

အထက်တွင် ဆိုခဲ့သလို မိမိအသုံးပြုရမည့် လုပ်ငန်းကို ပိုင်းခြားခြင်း၊ ASTM Standard သတ်မှတ်ထားသည့် ရောစပ်ပစ္စည်း (Admixture) တစ်ခုခုကို ရွေးချယ်ခြင်း၊ ကြိုတင်စမ်းသပ်ခြင်း (Trial Mix Design) စသည်တို့ ပြလုပ်ပြီးမှ အပြီးသပ်ရွေးချယ်ခြင်း Final Selection ကို ပြုလုပ်သင့်သည်။ ပူးတွဲပါပုံတွင် တွေ့မြင်နိုင်ပါသည်။

မိမိအသုံးပြုလိုသည့် Workability Test (Slump Test ASTM C143) နှင့် Compressive Strength Test (ASTM C470) တို့၏ လုပ်ဆောင်ပုံများကို ပူးတွဲပါ ပုံများတွင် ဖော်ပြထားသည်။

ရောစပ်ပစ္စည်း (Concrete Admixture ) ကို အဓိက အသုံးပြုသည့် လုပ်ငန်းများမှာ-

၁။ ကွန်ကရစ် ဖျော်စက်ကြီးများ (Batching Plant) တွင်  ကွန်ကရစ်စွမ်းအားမြင့်စေရန်နှင့် ဝေးကွာသော အရပ်သို့ ကြာရှည် သယ်ဆောင်နိုင်ရန် အသုံးပြုကြသည်။

၂။ ကြိုတင်ပုံသွင်းလောင်းသည့် ဌာနများတွင် ကွန်ကရစ်စွမ်းအားမြင့်စေရန် အသုံးပြုသည်။

၃။ ကွန်ကရစ်ထုတ်ကုန်များဖြစ်သည့် ပိုင်များ၊ ကွန်ကရစ်ဘလောက်တုံးများ၊ ကွန်ကရစ် Slab များတွင် အသုံး ပြုသည်။

၄။ အထူးကွန်ကရစ်လုပ်ငန်းများဖြစ်သည့် ကွန်ကရစ်မှုတ်ခြင်း (Shortcreting / Guniting) နှင့် ထုထည် ကြီးမား သော ကွန်ကရစ်လုပ်ငန်းများ (Mass Concreting) တွင် အသုံးပြုသည်။

ဆောက်လုပ်ရေးလုပ်ငန်းများတွင် ပုံစံကွက် (Form Work) များ လျှင်မြန်စွာ ဖြုတ်ယူနိုင်စေရန် အုတ်မြစ်များ၊ တိုင်များ၊ ယက်မများ၊ ကြမ်းခင်းများ လောင်းရာတွင် ထည့်သွင်းအသုံးပြုသည်။ မြေပျော့များကို ပြုပြင်အသုံးပြုသည့် နေရာများ၌ ဘိလပ်မြေဖြင့် ပြုပြင်သည့်စနစ် (Cement-Soil Stabilization) ၌ ထည့်သွင်း အသုံးပြုသည်။

Concrete Admixture ကို ကွန်ကရစ် ပြုပြင်သည့် လုပ်ငန်းများတွင်လည်း တွင်ကျယ်စွာ အသုံးပြုပါသည်။ ပူးတွဲပါပုံများတွင် တွေ့မြင်နိုင်ပါသည်။

စီမံကိန်းအလိုက် ပြုပြင်ခဲ့သည့် လုပ်ငန်း များ၏ Standard Operation Procedures (SOP) ကို နောက်ဆက်တွဲ ဖြင့်သီးခြားဖော်ပြထားပါသည်။     ။

Yi Yi Khin, B.E. (Civil) P.E (Constuction)

Ref:    

(1) ASTM C494 Standard Specification for Chemical Admixtures for Concrete

(2) Standard Operations Procedures (SOP) of Construction Chemical Enterprise, CSC Group of Companies


Aung Htet

Civil & Geotechnical Engineer

Privacy Settings
We use cookies to enhance your experience while using our website. If you are using our Services via a browser you can restrict, block or remove cookies through your web browser settings. We also use content and scripts from third parties that may use tracking technologies. You can selectively provide your consent below to allow such third party embeds. For complete information about the cookies we use, data we collect and how we process them, please check our Privacy Policy
Youtube
Consent to display content from - Youtube
Vimeo
Consent to display content from - Vimeo
Google Maps
Consent to display content from - Google
Spotify
Consent to display content from - Spotify
Sound Cloud
Consent to display content from - Sound